
လမသာတဲ့ကောင်းကင်က ငါပါ
မှော်အတတ်နဲ့ အသက်သွင်း
ကိုယ့်အိပ်မက်ကို ထုဆစ်ပုံသွင်းပြီးမှ
အိပ်မက်တွေ အခိုးခံရတဲ့ည...။
အခုတော့
ရင်ကွဲနာကျနေတဲ့ ငါ့ဒိုင်ယာရီလည်း
အလွမ်းတွေအခါခါမြိုချရလွန်းလို့ ပိုးလိုးပက်လက် စားပွဲပေါ်မှောက်နေလေရဲ့….။
ပစ္စုပ္ပန် ထွန်းလင်းပြီး
အနာဂတ် တောက်ပဖို့အတွက်
အတိတ်ကို အရောင်ပြောင်းလိုက်ရမှာလား
အကောင်းဆိုတာဘာလဲ
အဆိုးဆိုတာဘာလဲ
အဓိပ္ပါယ်မသိချင်တော့ဘူး..
မိုက်မဲတယ်ပြောချင်ပြောပါစေ
အမှန်တရားတကယ်ရှိတယ်ဆိုတာ
ယုံကြည်ခဲ့တယ်။
ဘဝတွေက
ချိုမလိုနဲ့ ခါးခါးသွားတော့
အလိုလိုနဲ့ အခါးကြိုက်တတ်သွားတယ်
အဆင်မပြေလွဲမှားမှုတွေကြုံတိုင်း
ကံကြမ္မာကိုအပြစ်တင်ရလွန်းလို့
ကိုယ့်ကံကြမ္မကိုတောင် သနားလာမိတယ်။
တကယ်လို့
သန်းခေါင်ထက် မိုးမချုပ်တော့ဘူးဆိုရင်
မနက်ဖြန်ဟာ ငါ့နေ့ပဲပေါ့ ...။
No comments:
Post a Comment