Thursday, December 2, 2010

ခြေလှမ်းများ

ဒီခြေလှမ်းပဲ
အမှန်တရားဆီ ရွေ့လျားနေတယ်
ဒီခြေလှမ်းပဲ
ချောက်နက်ဆီ တွန်းပို့နေတယ်။

ဒီခြေလှမ်းပဲ
ဆင်းရဲတွင်းက ရုန်းထွက်နေတယ်
ဒီခြေလှမ်းပဲ
နွံနစ်အောင် ဆွဲခေါ်နေတယ်။

ဒီခြေလှမ်းပဲ
အရှေ့နေထွက်ရာဖက် ချီတက်နေကြတယ်
ဒီခြေလှမ်းပဲ
အနောက် နေ၀င်ရာဖက် ဦးတည်ချင်ကြတယ်။

ဒီခြေလှမ်းပဲ
ကုဋေတစ်သန်း အဖိုးတန်တယ်
ဒီခြေလှမ်းပဲ
တစ်ကွက် အရွေ့မှားရင် အစားခံရတယ်

ရှေ့နဲ့နောက် လွန်ဆွဲနေတဲ့ ဒီခြေလှမ်းတွေမှာ
ချွေးတွေရှိတယ်၊ သွေးတွေရှိတယ်
ရည်ရွယ်ချက်ရှိတယ်၊ ပန်းတိုင်ရှိတယ်
မြတ်နိုးခြင်းရှိတယ်၊ စွန့်လွတ် သီးခံခြင်းတွေရှိတယ်
လောဘရှိတယ်၊ အတ္တရှိတယ်
ဒေါသရှိတယ်၊ ရန်ညှိုးရှိတယ်
ဆာလောင်မှုတွေရှိတယ်။

ဆူးညှောင့် အတားအဆီးတွေကြောင့်
အကြိမ်ကြိမ် ခလုတ်တိုက် လဲပြိုခဲ့လည်း
ဒီခြေလှမ်းတွေမှာ အားမာန်ရှိတယ်
ပန်းတိုင်ကို မရောက်မချင်း
ရှေ့ဆက်လို့ လှမ်းကြမယ်။



(နိုင်းနိုင်းစနေ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်။)

မိဘမေတ္တာ

အမေရိကန် ဖလော်ရီတာက တိရစ္ဆာန်ရုံတစ်ခုမှာ Randyလို့ခေါ်တဲ့ မျောက်ကလေးတစ်ကောင် ထင်းရူးခက်ပေါ်မှာ ဆော့ကစားနေတယ်။ အဲဒီမှာ ထင်းရူးဆူးတွေက မျောက်ကလေးရဲ့လက်ကို မတော်တဆစူးသွားတယ်။ နာကျင်တဲ့မျောက်ကလေးဟာ အော်ပြီး မျောက်မေမေဆီပြေးသွားတယ်။ မျောက်ကလေးရဲ့ နာကျင်မှုကို ပြေပျောက်စေမယ့်နည်းက တစ်နည်းပဲရှိတယ်ဆိုတာကိုသိတဲ့ မျောက်မေမေက မျောက်ကလေးကို ရင်ခွင်ထဲ ထွေးပွေ့ပြီး ဆူးစူးမိတဲ့ဒဏ်ရာကို ညင်ညင်သာသာလေး နမ်းရှုံ့ပေးလိုက်တယ်။

ဓာတ်ပုံဆရာ Evan Hambrickက "မျောက်တွေဟာ လူတွေနဲ့ ဒီလောက်တူမယ်မှန်း ကျွန်တော် မယုံကြည်ခဲ့ဘူး။ အစက ထင်းရူးခက်တွေကိုပဲ မျောက်ကလေး ဝါးစားနေတယ်လို့ ကျွန်တော်ထင်နေတယ်။ ဒါပေမယ့် ရုတ်တရက် သူ့မျက်နှာရှုံ့မဲ့သွားတာ တွေ့လိုက်တယ်။ ကြည့်ရတာ ငိုတော့မယ့်အတိုင်းပဲ။ မျောက်တွေရဲ့ အပြုအမှုဟာ လူတွေနဲ့ တော်တော်များများတူတယ်ဆိုပေမယ့် ဒီလောက်တူလိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူး။ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ သူတို့ဟာ အင်မတန် ဥာဏ်ထက်တယ်။ မျက်နှာအမှုအရာနဲ့ ခံစားရတာကိုပြတယ်။ နောက်ပြီး နှုတ်ခမ်း၊ လက်တွေနဲ့ ကြင်နာစိတ်ကိုပြတယ်" လို့ဆိုတယ်။

ဆက်ပြီး "မျောက်မေမေဟာ မျောက်ကလေးကို နမ်းရုံမက မျောက်ကလေးရဲ့လက်တွေကို ပွတ်သပ်နှိပ်နှယ်ပေးတယ်။ ပြီးတော့ ဖွဖွလေးနမ်းတယ်။ လူတွေဟာ ပွတ်သပ်နမ်းရှုံ့တာကို ကြိုက်တယ်။ မျောက်ကလည်း လူတွေအတိုင်းပဲ။ မျောက်ကလေးရဲ့ နာကျင်မှုကို အနမ်းနဲ့ပြေပျောက်စေတယ်။ တိရစ္ဆာန်တွေထဲမှာ ချန်ပန်စီမျောက်တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးမေမေလို့ ကျွန်တော်ထင်တယ်" လို့ ဓာတ်ပုံဆရာ Evan Hambrick က ပြောပါတယ်။ သူဟာ ဒီတိရစ္ဆာန်ရုံမှာ မျောက်တွေကို လေ့လာဖို့ ရောက်ရှိနေသူဖြစ်ပြီး မျောက်သားအမိရဲ့ ဒီလိုအံ့သြစရာကောင်းတဲ့ အကြင်နာပြဓာတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့တယ်။

Evan Hambrickက "တစ်နေ့ကို ၃နာရီမှ ၅နာရီကြာ သူတို့ကို ကျွန်တော်စောင့်ကြည့်ခဲ့တယ်။ အကောင်းဆုံးပုံတွေ ရိုက်နိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ မျောက်တွေက ဓာတ်ပုံအရိုက်ခံနိုင်သူတွေပါ။ လူတွေယုံနိုင်စရာမရှိတဲ့ အပြုအမှု၊ အမှုအရာတွေ သူတို့လုပ်နိုင်ခဲ့တယ်။ မျောက်ကလေးတွေက ချစ်စရာကောင်းသလို မျောက်မေမေတွေက အရမ်းကြင်နာတတ်တယ်။ မျောက်မေမေတစ်ခုခု ဝါးစားနေတာကိုတွေ့ရင် မျောက်ကလေးတွေက လက်ဖြန့်ပြီးတောင်းစားတတ်တယ်။ အဲဒီမှာ မျောက်မေမေက ကိုယ်စားနေတဲ့အစားကို မျောက်ကလေးအတွက် ကမ်းပေးတတ်တယ်"

ဆူးစူးမိတဲ့ မျောက်ကလေးရဲ့လက်ကို မျောက်မေမေက ဖွဖွလေးနမ်းပေးပြီး နာကျင်မှုကို ပျောက်စေတယ်


မျက်နှာအမှုအရာနဲ့ ကြင်နာမှုကို သူတို့ပြတယ်..

အင်တာနက်ပေါ်မှာ ဖတ်မိသမျှ ဝေမျှသည်။

Friday, July 30, 2010

အမုန်း

ချစ်သူရယ် ငါကလေ

ရိုးသားပွင့်လင်းမှု့ တွေကို နှစ်သက်တဲ့သူ

နင်ကလေ ငါ့ရဲ့ ရိုးသားမှု့ တွေအပေါ်

လိမ်ညာ လှည့်ဖြား မုသားတွေ အနန္တနဲ့ 

ချစ်တယ် ချစ်တယ်လို့ ပြော

ငါကလဲ ယုံခဲ့မိတယ်လေ



သေရာပါအောင် ဝေဒနာတွေပေးလဲ

ငါ ကျေနပ်ပါတယ်

ငါ က နင်ကို တစ်ကယ်ချစ်တာကို

ချစ်သူရယ် မမုန်းရင်မနေနိုင်ဘူးလား...?



ငါကလေ နင်ကို မချစ်ရင် မနေနိုင်သူလေးပါ

အသစ်မြင်လို့ မချစ်ခြင်လဲနေပါ

ချစ်ခြင်းတွေကို စစ်တလင်းလုပ်

စစ်ခင်းရမှာက နင်နဲ့ ငါ



အနိုင်လိုချင်နေသူ မင်းလေးအတွက်

ငါအရှုံး ပေးလိုက်ပါတယ်

ချစ်ခြင်းရဲ့  အဆုံးဟာ အမုန်းတွေလား...?

Friday, July 16, 2010

ကောင်မလေးအတွက်

ကောင်မလေးရေ....
မင်းပန်ဖို့ပန်းတစ်ခင်း....
ငါ့ရင်မှာ ပျိုးခဲ့တယ်.....
မွှေးပျံ့ထုံအီနေလို့ပေါ့......

ကောင်မလေးရေ.....
ဟိုးမှာကြည့်စမ်း....
တောက်ပနေတဲ့တို့ရဲ့အနာဂါတ်တွေ....
လင်းလက်နေလိုက်တာ....

ကောင်မလေးရေ....
အားမလျှော့ပါနဲ့.....
တို့ရဲ့ခရီးတွေမဆုံးသေးခင်အထိ.....
တို့ဖန်တီးတဲ့လှေငယ်နဲ့အတူ....
ဟောဒီပင်လယ်ကြီးထဲ....
ရွက်လွှင့်ကြစို့.....

ကောင်မလေးရေ.....
မကြောက်နဲ့ကွယ့်......
မင်းအတွက်ဆို....
အရာအားလုံးလမ်းရှင်း.....
ဆူးခင်းတောတွေတောင်.....
ငါကခုတ်ထွင်ရဲသူ......

ကောင်မလေးရေ....
ဟိုးမှာတိမ်တိုက်.....
တို့အတူစီးနင်းပြီး.....
ပျော်ရွှင်တဲ့အချစ်ကမ္ဘာဆီ.....
လေဟုန်စီးနင်းကြစို့.....

ကောင်မလေးရေ....
မုန်တိုင်းထန်တဲ့.....
ဘ၀ပင်လယ်ကြီးဖြစ်ခဲ့တောင်.....
ငါက....မင်းအရှေ့မှာ....
ကျေက်တောင်ကြီးဖြစ်ချင်ခဲ့သူ.....

ကောင်မလေးရေ.....
မငိုပါနဲ့ကွယ်....
မင်းငိုတိုင်းကြယ်တွေတောင်ကြွေကျ......
ငါ့ရင်ထဲနွေမက......
မြေခတဲ့သစ်ရွက်တွေ....
တောင်လိုပုံလို့......


ကောင်မလေးရေ.....
ခွင့်လွတ်ပါကွယ်......
တခါတလေဆိုးရွား......
ငါ့အမှားတွေကို......
မင်းရဲ့မေတ္တာတွေနဲ့.....
ငါ့ဘ၀တစ်ခုလုံးသိမ်းပိုက်စမ်းပါ......
မင်းအတွက်ဆိုကြည်ဖြူ....
အတူတူခရီးဆက်ချင်ပါရဲ့.....

နောက်ဆုံးထွက်သက်.....
ဆံဖြူသွားကြိုး......
အဖိုးအရွယ်ထိ......
ခိုင်မြဲသစ္စာ......
တွယ်တာနှောင်လက်.....
ရစ်ပတ်ချည်နှောင်....
အဖြူရောင်သံယောဇဉ်ကြိုးတွေနဲ့....
နူးညံ့နွေးထွေးလွန်းတဲ့....
ချစ်ခြင်းကဗျာတွေ....
သီကုံးကြစို့ကွယ့်.....
တို့အတူတူ.....

Tuesday, July 6, 2010

ဒါလားချစ်ခြင်း

တကယ်လို့အချစ်မှာ အကြောင်းပြချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ရည်ရွယ်ချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဖြေရှင်းခွင့်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဆင်ခြေတွေရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။

အချစ်က ဒဿနတွေနဲ့ မကိုက်ညီဘူး။ ဒါကပဲ အချစ်ရဲ့ဒဿနဖြစ်မယ်ထင်ပါတယ်။

ကိုယ့်ချစ်သူက လူအများသတ်မှတ်ထားတဲ့ ပြီးပြည့်စုံသူ၊ ကိုယ်နဲ့ထိုက်တန်သူ၊ ကိုယ့်အတွက် မှန်ကန်သူ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမယ့် သူဟာကိုယ့်အတွက် အရာအားလုံးကို မေ့ထားစေနိုင်တဲ့သူ၊ ကိုယ်မချစ်ဘဲ မနေနိုင်စေတဲ့သူဖြစ်တယ်။

အချစ်ခံရလို့ အချစ်ကို အချစ်လို့ခေါ်တာမဟုတ်ဘူး။ ချစ်နေတာကိုက အချစ်ဖြစ်တယ်။
အချစ်မခံရလို့ ကိုယ့်အချစ်တွေ မဆုံးရှုံးသွားနိုင်ဘူး။ အချစ်ကချစ်သူရဲ့ နှလုံးအိမ်ထဲမှာရှိတယ်။ အချစ်ခံသူရဲ့ အကြည့်ထဲမှာရှိတာမဟုတ်ဘူး။

အချစ်က နှလုံးသားထဲမှာပဲရှိတယ်။ နုတ်ခမ်းဖျားမှာရှိတာမဟုတ်ဘူး။
မချစ်လို့ ထုတ်မပြောတာမဟုတ်ဘူး။ ချစ်လွန်းလို့ ထုတ်မပြောတာ။
ချစ်လွန်းလို့ ခံစားရမှာစိုးခဲ့တယ်။ ချစ်လွန်းလို့ ကိုယ်တိုင်ပဲခံစားခဲ့တယ်။
ချစ်လွန်းလို့ အချစ်ကို အလွယ်တကူ ဆုံးရှုံးရတတ်တယ်။

အချစ်က ကြောင်တောင်ကန်းပါ။
ချစ်နေချိန်မှာ တစ်ဘက်သားရဲ့ အားနည်းချက်ကို မမြင်တတ်ကြဘူး။ အားသာချက်ကိုပဲမြင်ပြီး အားသာချက်ဟာ အားသာချက်၊ အားနည်းချက်ဟာလည်း အားသာချက်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် လမ်းခွဲချိန်မှာတော့ အမှားဟာ အမှားပဲ၊ အမှန်ဟာလည်း အမှားဖြစ်ကုန်ကြတယ်။

အချစ်က မျက်ရည်ရဲ့စစ်သုံ့ပန်းအဖြစ်မခံဘူး။ ရင်ခုန်ခြင်း၊ သနားကြင်နာခြင်းရဲ့ စစ်သုံ့ပန်းအဖြစ်သာ ခံလိမ့်မယ်။

သဝန်တိုခြင်းက အချစ်ကို သိသာထင်ရှားစေတဲ့အရာ မဟုတ်ဘူး။
အချစ်ရဲ့အရင်းခံက အချင်းချင်းယုံကြည်တာပဲဖြစ်တယ်။
သဝန်တိုခြင်းမှာ သံသယနဲ့ မယုံကြည်တာတွေပါတယ်။

အချစ်မှာ ဘယ်တော့မှမျှတမှုမရှိဘူး။ အချစ်မှာ မျှတမှုတွေရှိလာခဲ့ရင် အဲဒါအချစ်မဟုတ်တော့ဘူး။ ချစ်သူအတွက် အရာရာကို ကိုယ်ပေးဆပ်နိုင်တယ်။ ဒါပေမယ့် ကိုယ့်အတွက်ပေးဆပ်ဖို့ အချစ်ကို မတောင်းဆိုသင့်ဘူး။ ချစ်သူကို ကိုယ်မစွန့်ခွါလို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုချစ်သူစွန့်သွားတဲ့အခါ အချစ်ကို ရက်စက်တယ်လို့ အပြစ်မဆိုသင့်ဘူး။

အချစ်ကို အဓ္ဓမလုပ်ယူလို့မရသလို ပိုင်စိုးပိုင်နင်းလည်း လုပ်လို့မရဘူး။ အချစ်က နူးညံ့သိမ်မွေ့လွန်းတယ်။ အချစ်ကို လိုချင်ရင် သူ့ကိုလွတ်လပ်မှုအရင်ပေးပါ။ ကိုယ့်ဆီသူပြန်လာရင် ဒါကိုယ့်ရဲ့အချစ်ဖြစ်တယ်။ တကယ်လို့ ပြန်မလာခဲ့ရင် သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။

ကိုယ်အလျှင်စလို ဖြတ်သန်းခဲ့တဲ့ရှုခင်းက အလှဆုံးဖြစ်တယ်။
ကိုယ့်ကိုနက်နက်ရှိုင်းရှိုင်း နာကျင်စေခဲ့တဲ့အချစ်က အချစ်ဆုံးဖြစ်တယ်။

နှလုံးသားရဲ့ အနာတရအတွက် ကိုယ်တို့မှာ ခံနိုင်ရည်ရှိတယ်။
ကြေမွဆုတ်ပြတ်သွားတဲ့အချစ်ကို ကိုယ်တို့လက်ခံနိုင်တယ်။
ဒါပေမယ့် ချစ်ခဲ့ဖူးတဲ့အတိတ်ကိုမေ့ဖို့ အတိတ်မေ့ဆေးကို ကိုယ်တို့မသောက်ချင်ခဲ့ကြဘူး။

အပြစ်ရှာ၊ ငြင်းခုန်တာတွေက အချစ်ကို တာရှည်ခံစေတဲ့အရာမဟုတ်ဘူး။
တစ်ခါတလေမှာ ဆိတ်ဆိတ်နေ၊ သည်းခံတာတွေက အချစ်ရဲ့ရုပ်ပုံမဟုတ်ဘူးဆိုပေမယ့် ဒါတွေက အချစ်ကို ထာဝစဉ်တည်မြဲစေတဲ့အရာဖြစ်တယ်။

အချစ်က အချစ်နဲ့အချစ်ရဲ့ ဆက်ဆံရေးဖြစ်တယ်။ ခံစားချက်ရဲ့ ပဲ့တင်ဖြစ်တယ်။
အချစ်က ရုပ်အဆင်းအင်္ဂါတွေ မတောင်းဆိုဘူး။ နှလုံးသားချင်းထပ်တဲ့ ကြင်နာဖော်ဖြစ်ဖို့ပဲ တောင်းဆိုတယ်။

အချစ်က မကျေနပ်တာတွေကို သည်းခံနိုင်တယ်။ အမုန်းကို လက်ခံနိုင်တယ်။
အချစ်မှာ အကြောင်းတရားမလိုဘူး။ အချစ်မှာ စည်းမျဉ်းမရှိဘူး။
အချစ်က အမှားအမှန် မခွဲခြားဘူး။
အချစ်က အရောင်လုံးဝမပယ်ဘူး။
အချစ်ကို အချစ်နဲ့ ချစ်တတ်ဖို့ပဲလိုခဲ့တယ်။

Sunday, July 4, 2010

ဘယ်လိုပြောရပ

မသွားပါနဲ့ ငါတားရင်လည်း
သောကသာ ဖြစ်တော့မှာပဲ
သွားတော့လေ ဆိုပြန်ရင်လည်း
ငါ့အချစ် ဆုံးရှုံးရမှာပဲ
ငါ့အနားမှာပဲ အမြဲနေဆို
မင်းထင်မယ် ပိုင်ဆိုင်ချင်တယ်လို့
မင်းသဘောအတိုင်းပေါ့ ဆိုပြန်ရင်လည်း
မင်းထင်မယ် ငါဂရုမစိုက်ဘူးလို့
ကောင်မလေးရေ.....
ငါပြောများ ပြောရဲရင်လေ
မင်းမရှိဘဲ ငါမနေတတ်ဘူးကွာ
အဲဒီလို ဆိုမိပြန်တော့လည်း
ကျိန်စာဆိုး တစ်ခုလိုပါပဲလား
ပြောပါ.....
ငါမင်းကို ဘယ်လို ပြောရပါ့
(နိုင်းနိုင်းစနေဘလော့မှကူးယူဖော်ပြပါသည်။)

မင်းအတွက် ကဗျာမရှိတော့ဘီ

ကြည့်စမ်း.......
အတုအယောင် မေတ္တာနဲ့
အဆိပ်သင့်ခံရတဲ့ ငါ့ ကဗျာတွေ
အတုံးအရုံး သေ နေလိုက်ကြတာ...။

ပလီပလာ အတီအတာနဲ့
အလိမ်ညာခံရတဲ့ ငါ့ခံစားချက်တွေ
ဘာကိုမှ ချမရေးရဲလောက်အောင်ပဲ...။

ကဗျာတွေ သေပြီလား... ?
ခံစားချက်တွေ မဲ့ပြီလား.... ?
သေချာတာ တစ်ခုကတော့
ငါ့စကားလုံးတွေ မီးတောက်ခဲ့ပြီ...။
(နိုင်းနိုင်းစနေဘလော့မှ ကူးယူဖော်ပြပါသည်။)

Friday, July 2, 2010

ရင်ခွင်မဲ့

ဘာတွေများလိုချင်တာရှိနေလဲ
မင်းထွက်သွားလိုက်တာ
ငါ့ရင်ဟင်လင်းပြင်ထဲမှာ
ဘာမရှိတော့ဘူးလေ

ပြောပါ
ဘာမှမရှိတဲ့ ငါ့ရင်ထဲက
မင်းလိုချင်တာ ရှိသေးရင်ပြောလိုက်ပါ
မင်းပျော်ဖို့ ငါ့ရင်ကိုစတေးပြိးသားဖြစ်နေပြီလေ

ချစ်သူရေ
မင်းထွက်သွားကတည်းက
လွမ်းနေတဲ့ အလွမ်းတွေက
နေ့ရက်တွေနဲ့ အမျှ
တနင့်တပိုး တိုးနေခဲ့တာ
ဒီနေ့ထိတိုင်းအောင်လို့ပြောရင်
မင်းရီနေမလား
ရီလိုက်ပါ ငါ့ရဲ့ အလွမ်းတွေဟာ
မင်းအတွက် ရယ်စရာဖြစ်နေမယ်ဆိုရင်
စိတ်ကြိုက်ရယ်ပြစ်လိုက်ပါ
မင်းပျော်ဖို့ အတွက်
ငါ... လွမ်းနေပါ့မယ် ချစ်သူ......။

တခါတလေ လွမ်းဆွတ်ခြင်း

ချစ်သူရေ
ဘယ်အချိန်မှာဖြစ်နေပါစေ
မင်းပုံရိပ်ကို မြင်တိုင်း
ပြန်ကြားချင်တာ
မင်းအသံလေးပါ.......
မင်းအကြောင်းတွေကြားတိုင်း
ရင်ခုန်နေတာ
အခုထိပါ

လွမ်းရအောင်တမင်ဖန်းတီးတာလား
ချစ်သူရယ်
တကယ်ဆို အရင်က အချစ်တွေ
ပြီးခဲ့ပြီဆိုပေမဲ့
အချိန်ရှိတိုင်းပြန်ဆုံဖို့မျှော်လင့်နေတာ
ရင်ထဲကပါ

ချစ်သူရေ
ဘယ်ဆီကိုရောက်နေမှန်းမသိတဲ့
အချစ်တွေကိုစောင့်မျှော်ရင်း
အချိန်တိုင်းလွမ်းနေမိတယ်

ချစ်သူရေ
လွမ်းလွန်းလို့ညတိုင်းတီးနေတဲ့
ငါ့ဂစ်တာလေးတောင် တော်တော်လေး
ဟောင်းနေခဲ့ပြီလေ

ချစ်တယ် ချစ်သူရယ်လို့ပြောချင်ပေမဲ့
တခြားတယောက်ရင်ခွင်မှာ
ပျော်နေတဲ့ မင်းကို
ဘယ်လိုအင်အားတွေနဲ့ပြောရမလဲ
ငါ့အတွက်လွမ်းနေရုံကလွဲံလို့
ဘာများရှိနေဦးမှာလဲ ချစ်သူရယ်......။

Tuesday, June 22, 2010

ထိုမျှမကသော အချစ်များဖြင့်

မင်းကို ချစ်တာတွေသာ

သစ်ပင်ဖြစ်ရင်

ဒီကမ္ဘာဟာ ဘယ်တော့မှ ခြောက်သွေ့တော့မှာမဟုတ်

အမြဲစိမ်းသစ်တောတွေ ဖုံးလွှမ်းသွားမယ်….

မင်းကိုလွမ်းတာတွေသာ

ပန်းဖြစ်ရင်

ကမ္ဘာမြေမှာ ပန်းတွေဖုံးလို့

ပန်းပေါင်းစုံပွင့်ဖူးလှပနေမှာ အမှန်ပါကွဲ့….

မင်းကိုတမ်းတတာတွေသာ

ရေဖြစ်ရင်

ချောင်းမှမြစ် မြစ်မှပင်လယ် ထိုမှ သမုဒ္ဒရာ

အသွယ်သွယ်ပေါင်းစီး ဒီကမ္ဘာကြီးရေလွှမ်းသွားမလားပဲ….

မင်းကိုသတိရတာတွေသာ

ရွှေဖြစ်ရင်

ကမ္ဘာမြေဟာ သယံဇာတပေါကြွယ်ဝလို့

လူတိုင်းကျောက်မျက်ရတနာဆင်နေမလားကွယ်….

ကဲ..ကဲ…

ပိုတယ်ပြောမနေနဲ့

လိုတယ်လို့တောင်ထင်တယ်

ကိုယ်ရဲ့အချစ်

ကိုယ့်မေတ္တာဟာ

ကမ္ဘာမြေသိန်းသန်းအထု

အစုစုမက

စကြာဝဠာတိုက်တစ်သောင်းတောင် ပျံ့နှံသွားမယ်

အဲလောက်တောင်မကကို ထင်နေတာ အသေအချာပါပဲ ချစ်သူရယ်….

Saturday, June 5, 2010

ရင်ထဲက စကားများ

...............အစပြုခြင်းတစ်ခုမှာ
အဆုံးသတ်ဆိုတာရှိမြဲပဲဆိုရင်
ပြီးဆုံးသွားခဲ့တဲ့...ကိုယ်တို့နှစ်ယောက်ဇာတ်လမ်းအတွက်
ရှိတောင့်ရှိခဲ ပြန်လည်စတင်ခြင်းဆိုတာကို
ကိုယ်မျှော်လင့်နေချင်နေစဲပါ............။

..............အသစ်ကိုထားခဲ့ပြီး
အဟောင်းဆီပြန်ခဲ့ဖို့ခက်မယ်ဆိုရင်
မဟောင်းနိုင်တဲ့ငါ့အချစ်တွေ
နင့်အတွက်အသစ်ဖြစ်နေစဲဆိုတာ
နင်သိနိုင်ဖို့ ခက်ခဲလွန်းနေသလား..................။

..............ပြန်တွေ့ချိန်ခဏမှာ
နင့်အပြုံးတွေရိုးသားလွန်းပါတယ်
နင်သာငါ့ဘက်နည်းနည်းငဲ့ကြည့်တတ်ခဲ့မယ်ဆိုရင်
ငါ့ဘ၀ တစ်ခုလုံး အသက်မဲ့နေခဲ့တာ
နင်စာနာနိုင်မှာပါ.....................။

............အချစ်ဦးမဟုတ်ခဲ့ပေမယ့်
ငါ့ရဲ့အချစ်ရဆုံးရေ..........
နင်သာပြန်လာနိုင်မယ်ဆိုရင်...
ငါ့ရင်ဘတ်ထဲက အသည်းတစ်နေရာမှာ
နင့်အတွက်.......
အမြဲသစ်လွင်တောက်ပနေ၇ပါစေမယ်..............။

Friday, May 28, 2010

အချစ်အပေါ်ထင်မြင်ယူဆချက်

အချစ်ဆိုတာ အချစ်ပဲလို့ မြင်ပေမယ့် ချစ်တာတစ်ခုတည်းနဲ့တော့ မပြီးသေးဘူးလို့ ထင်တယ်။ အချစ်ကို စပြီး တည်ဆောက်ရတာ လွယ်တယ်။ အဲဒါကို ရေရှည်တည်တံ့ဖို့၊ ခိုင်မြဲအောင်လုပ်ဖို့က အရမ်းခက်တယ်။ သူစိမ်း2ယောက် ချစ်ခင်ကြလို့ Relation တစ်ခုစပြီး တည်ထောင်မယ်ဆိုရင် အချစ်တစ်ခုတည်းနဲ့ ပြီးမသွားဘူး။ အချစ်ရဲ့နောက်မှာ မေတ္တာတရား၊ နားလည်မှု၊ ပေးဆပ်မှု၊ ကိုယ်ချင်းစာနာမှု၊ သိတတ်မှု အခြေခံကျင့်ဝတ်တွေ ပါလာတယ်။ တံတားလေးတွေလိုဘဲ တိုင်လေးတွေ ထောက်ထားရတယ်။ ဒီ2ယောက်ကဘဲ ချိုးလိုက်လို့ဘဲဖြစ်ဖြစ်၊ ဘေးလူကချိုးလိုက်လို့ဘဲဖြစ်ဖြစ် အဲဒီတံတားက နဲ့သွားမယ်။ အဲဒီလို နဲ့သွားတဲ့တံတားက ကြာရှည်ခိုင်ခံ့မှာ မဟုတ်ဘူး။ အရမ်းခက်ခဲတယ်။ ရေရှည်တည်တံ့ဖို့ ဆွဲဆန့်နိုင်အောင် အရမ်းခက်ခဲတဲ့ အရာတစ်ခုလို့ မြင်တယ်။ အသက် 16-24 တုန်းက အချစ်ဆိုတာကို ချစ်မယ်ဆိုတာဘဲ သိတယ်။ ခေါင်းထဲမှာ ဘာမှ မရှိဘူး။ ဘာမှမတွေးတတ်ဘူး။ အခု အသက် 30 မှာတော့ အရမ်းတွေးတတ်သွားပြီ။ အချစ်တစ်ခုတည်းနဲ့ မပြီးဘူးဆိုတာ သိသွားဘီ။ အရမ်းချစ်သွားပြီဆိုတဲ့အချိန်မှာ ဘာမှမသိတော့ဘူး။ ရူးရူးမှုးမူးတွေ လုပ်တတ်ကြတယ်။ အဲဒါက ဘယ်အရွယ်ဘဲ ဖြစ်ဖြစ်ပါ။ အချစ်ရဲ့တန်ခိုးက ဘာမှမမြင်တော့တဲ့အရာမျိုး ဖြစ်တတ်တယ်။ ဒါပေမယ့် ရင့်ကျက်မှုအပိုင်းကျတော့ အသိ၊ သတိလေးနဲ့ ထိန်းကွပ်ထားနိုင်ရင် အကောင်းဆုံးဖြစ်မယ်။

(အချစ်အပေါ်ထင်မြင်ယူဆချက်ပါ။)

Saturday, May 22, 2010

ရင်တွင်းပြတိုက်

မင်းရဲ့ရုပ်သွင်ကို ပန်းချီရေးကြည့်တယ်

ကိုယ်ရေးချယ်တဲ့ စုတ်ချက်တွေက

မင်းအလှကို ပီပြင်အောင် မဖော်ပြနိုင်ပါလားကွယ်….

မင်းရဲ့ ကိုယ်ဟန်ကို ပန်းပုထုကြည့်တယ်

ကိုယ်ထုဆစ်တဲ့ ထွင်းချက်တွေက

မင်းအလှကို ပေါ်လွင်အောင် မတင်ပြနိုင်ပါလားကွယ်….

မင်းကို ကိုယ်ချစ်တာကို ကဗျာရေးကြည့်တယ်

ကိုယ်ရေးစပ်တဲ့ ကာရန်တွေက

ငါ့အချစ်ကို မင်းအသိအမှတ်ပြုဖို့ဖွဲ့နွဲ့နိုင်ပါလား…

မင်းကို ကိုယ်တမ်းတတာကို တေးဆိုကြည့်တယ်

ကိုယ်ဆိုညည်းတဲ့ သံစဉ်တွေက

ငါ့လွမ်းဆွတ်မှုတွေကို မင်းလှည့်ကြည့်ချင်လောက်အောင် မသီကျူးနိုင်ပါလား…

ဒါပေမယ့်လေ..

ဘာပဲဖြစ်ဖြစ်ပေါ့…

မင်းရဲ့အလှကို ပန်းချီချယ်နေမယ်

မင်းရဲ့ အသွင်ကို ပန်းပုထုမယ်

မင်းအတွက်ငါ့အချစ်ကို ကဗျာရေးဖွဲ့မယ်

မင်းကိုတမ်းတမှုကို တေးသီကျူးမယ်

ဒါတွေက ငါ့အတွက် မရှိမဖြစ် အနုပညာကမ္ဘာ

ဖန်တီးမှုများစွာရဲ့ ပြတိုက်ပါပဲကွယ်…..

(ကိုသူ ရေးဖွဲ့ပါသည်။)

အချစ် = မရှုံး = မနိုင်

တစ်ချို့ကပြောတယ်

အချစ်ဟာရယူခြင်းတဲ့

တစ်ချို့ကပြောတော့

အချစ်ဟာ ပေးဆပ်ခြင်းဖြစ်ပြန်ရော…

တချို့ က ယူဆကြ

ချစ်ရင် အရှုံးတဲ့

တစ်ချို့ကျ

အနိုင်ယူမှုနဲ့ ချစ်ကြပြန်ရော…

တစ်ချို့က အချစ်ဟာ နီးစပ်မှုတဲ့

တစ်ချို့ က အချစ်မှာ အနီးအဝေးမရှိတဲ့…

အမှန်ရှိရင် အမှားရှိတယ်…

အချစ်ရှိရင် အမုန်းရှိတယ်…

အင်း ငါ့ကျမှ နင့် အပေါ် ဘာကြောင့် မမုန်းနိုင်တာလည်း

ငါလေ နင့် ကို ချစ်နေရရင် ကိုပျော်နေတာ

နင်အသိဆုံးပါ ချစ်သူရယ်…

ငါ့ အချစ်မှာ အနိုင် အရှုံးမရှိ

အမုန်းမရှိအနီးအဝေးမရှိ

ရှိနေတာက မင်းအပေါ်ချစ်တဲ့ အချစ်တွေ

ဘယ်လိုမှ ထိန်းမရ

ကန့်သတ်မရ တားဆီးမရ

ဖျောက်ဖျက်မရ

ပျက်စီးမသွား

မနီးစပ်ပေမယ့် ချစ်နေသည်

ဆက်စီးနေဦးမည် စမ်းရေလို

မင်းအတွက် ကိုယ်ဟာ အိုအေစစ်

ကြိုနေတယ် အမြဲတမ်းအချစ်တွေနဲ့

နှောင်တွယ်မရစ် လွပ်လပ်ချစ်များနဲ့

ငါလေ ချစ်နေပါရစေ တစ်သက်လုံး

အဆုံးသတ်မရအချစ်

အငွေ့ပျံပျောက်ပျက်မသွားတဲ့အချစ်တွေနဲ့ပေါ့……

(အခုတလော ကဗျာကိုယ်တိုင် မရေးဖြစ်ပါသဖြင့် ဖတ်မိတဲ့ကဗျာလေးကို လာလည်သူဧည်သည်များ ဖတ်ရအောင် တင်ပေးလိုက်ပါသည်။

(ကိုတူ ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်။)

Thursday, May 20, 2010

ဧပြီကျိန်စာသင့်ခဲ့ဘီလား

Aprilမှာ ပျော်ကြတဲ့
လူတွေရှိတယ်
အဲ့ဒီထဲမှာငါ မပါဘူး

Aprilကို ချစ်ကြတဲ့
လူတွေရှိတယ်
အဲ့ဒီထဲမှာငါ မပါဘူး

ငါက April ကို
မေ့ပစ်ချင်တဲ့ လူတစ်ယောက်လေ
April မှာ ကျရောက်တဲ့
သင်္ကြန်ဆိုတာ
သူများတွေအတွက်တော့
ပျော်ရွှင်စရာတွေကို ပေးတတ်ပေမယ့်
ငါအတွက်တော့ ၀မ်းနည်းမှုတွေကို
ယူဆောင်လာတတ်တယ်

လှည့်စားတတ်တဲ့ April ရဲ့
ရက်တစ်ရက်ဖြစ်တဲ့
April 19 မှာ
မမ ကို
ငါ့ဘ၀ထဲက ထွက်ခွာစေခဲ့တယ်

အဖြစ်အပျက်တွေက
မြန်ဆန်လွန်းလို့
မယုံကြည်နိုင်လောက်အောင်ပါပဲ

အဲ့ဒါကြောင့်
ရက်စက်လွန်းတဲ့ April ကို
ငါ့ဘ၀ရဲ့ ခုနှစ်တွေထဲမှာ
မတွေ့ချင်တော့ဘူး

တကယ်တော့
April ဆိုတာ ငါအတွက်တော့
ကျိန်စာသင့်နေတဲ့ လတစ်လပါပဲ...။

(19.4.2010 တွင် ကွယ်လွန်သွားသော မမ တစ်ယောက် ကောင်းရာသုဂတိလားပါစေ)

ခိုင်မြဲတဲ့အချစ်

အချစ် ဆိုတာ
ငါ့အတွက်တော့
တစ်ကြိမ်သာ ပွင့်သောပန်းပါ။

နင့်အတွက်တော့
အကြိမ်ကြိမ် ပွင့်သောပန်းဖြစ်ချင် ဖြစ်နေပါစေ။
ငါ့ အချစ်ပမာဏကို ငါ အသိဆုံးမို့
ငါ မကြောက်ဘူး။

နင်နဲ့ ငါ ကြားမှာ ဂုဏ်တံတိုင်း ငွေတံတိုင်းတွေ
ဘယ်လောက်ပဲ ခြားနေပါစေ။
ငါ့ ယုံကြည်ချက် တွေကြောင့် ဖြတ်ကျော်ဖို့
ငါ မကြောက်ဘူး။

တခါတခါ နင်ပြောတတ်တဲ့ မုန်းတယ် ဆိုတဲ့ လက်နက်က
ငါ့ အချစ်မိုးကောင်းကင်ကို ပြိုအောင် ဖြို မပစ်နိုင်ဘူး။

နင် ငါ့ကို နည်းမျိုးစုံနဲ့ အကြိမ်ကြိမ် ထိုးနှက်ပါ။
နင့် ရှေ့မှာ လဲကျရှုံးနိမ့် မှာကို
ငါ မကြောက်ဘူး။

ငါ ကြောက်တာ တစ်ခုပဲ ရှိတယ်။

ငါ သိပ်ချစ်ရတဲ့ နင်က ငါ့ အချစ်တွေကို
နားလည်မှုလွဲ သွားမှာပဲ ကြောက်တာ။

မမျှော်လင့်တော့ပါဘူး

မမျှော်လင့်တော့ပါဘူး....
နင်ထားခဲ့တဲ့နောက်မှတော့
ငါဘာကိုမှထပ်ပြီး မတမ်းတချင်တော့ပါဘူး...
ငါ့ကို လှန်ထားတဲ့ ကြိုးတစ်ချောင်းက
နင်ပိုင်တာပဲ
ဖြတ်ချင်ဖြတ် ဆက်ချင်ဆက်ပေါ့
နင်ထားခဲ့တာတောင် လွမ်းဖို့ပဲသိပြီး
ရင်နာဖို့မေ့နေတက်တဲ့
ခပ်တုံးတုံးကောင်ပါ...
နင်ကို လွမ်းတဲ့စိတ်တဲ့နဲ့
ငါ့ကိုငါ သင်္ဂြုလ်တော့ နင်အရိပ်တွေနဲ့ပဲ
အဆက်မပြတ်လောင်ပြန်တယ်....
တွေဆုံခွင့် ထဲတွေထဲ ကို တိုးဝင်ဖို့ ကြိုးစားတိုင်းလဲ
ငါ့မြစ်တခုလုံး ကြောက်လန့်စိတ်တွေနဲ့ပဲ
ပြောင်းပြန် ခုတ်မောင်းရပြန်တယ်...
တော်ပါပြီ....
မမျှော်လင့်တော့ပါဘူး...
ငါအိမ်မက်တွေကို နင်နဲ့ဝေးရာမှာပဲရွေ့ ထားလိုက်တော့မယ်.....။ ။