မရွာဖြစ်သေးတဲ့ မိုးရေတွေ
လေးလံနေတဲ့  ငါ့ကောင်းကင်
တိမ်တိုက်တွေ အထပ်ထပ်။
ငါ့ရဲ့
အခွံသက်သက်မီးအိမ်မှာ
ထွန်းညှိမယ့် ပန်းတစ်ပွင့် 
မင်း ..မဖြစ်သရွေ့
အထီးကျန်ဆန်နေရဦးမယ်။
ဆန်းကြယ်စွာ
(ဒါမှမဟုတ်)
ရိုးစင်းစွာ
မင်း ... သိလာပါလိမ့် မယ်။
ငါ့ရင်ပြင်တစ်ခုလုံး
မငြိမ်းရက်တဲ့ မီးတွေ
မြင်ရင်တောင် ငဲ့ ညှာမနေပါနဲ့။
လောင်ကျွမ်းခြင်း မင်းအတွက်မို့
ငြိမ်းအေးမှုလို့ ငါ... မှတ်ယူပါ့မယ်။
မင်းမျက်ဝန်းရဲ့ မြားတစ်စင်း
ငါ့စိတ်ကို ညို့ငင်
စကားလုံးတွေက
ငါ့နှုတ်ခမ်းများကို
တံခါးခေါက်နေကြပြီ။
ရိုးဖြောင့် တဲ့ မြစ်တစ်စင်းပမာ
တည်ငြိမ်လွတ်လပ်စွာ
စီးဆင်းလာခဲ့ သမျှ
ငါ ..မြိုသိပ်ခဲ့ တာတွေ
မင်းကို ..နွေးထွေးစေနိုင်ပါ့မလား။
ငါခံစားရသမျှ
မင်း .. ခံစားနိုင်မယ်ဆိုရင်
ဒီလောက်အထိ
ခြောက်သွေ့နေမယ်မထင်ဘူး
ငါ့ရဲ့နက်ရှိုင်းမှုကို
မင်းနားမလည်နိုင်သေးလေတော့
မင်းရဲ့မီးလျှံက ..အေးစက်စက်။
(စက်မှုတက္ကသိုလ်ထုတ် အမည်မသိကဗျာစာအုပ်မှ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment