Monday, November 23, 2009

နတ်တော်လ


ရှစ်ခွင်ကို မြူဆင်းလို့၊ ငွေနှင်းတဲ့နုစို
ဂမုန်းသဇင်တို့၊ စုံခွင်မှာ လေချို ညင်းက
သုတ်သွင်းဘယ်ညာ နှံ့၊ သင်းပျံ့ပျံ့ချို
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဒီနှင့် ၊ မိဂသီရောင် ခြည်ဖျန်းတယ်
မြန်းတူကြွသွား။

(ဖိုးသူတော် ဦးမင်း)


နတ်တော်လသည် မြန်မာလများတွင် ၉ လမြောက်ဖြစ်ပြီး ဟေမန္တ ဆောင်းရာသီသို့ ၀င်ရောက်စကာလဖြစ်၍ နံနက်ခင်းတွင် နေရာ အနှံ့အပြား ဆီးနှင်းများဖြင့် မှိုင်းဝေရီလျှက် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် ကျရောက်ပါသည်.

ရှေးအခါက နတ်တော်လ၏ ရာသီပွဲမှာ နတ်ပူဇော်ပွဲဖြစ်ပြီး မြန်မာ သက္ကရာဇ် ၁၂၄၇ (၁၈၈၅) ခုနှစ်တွင် ပျောက်ကွယ်ခဲ့သည်. . . ထိုအချိန်မှစ၍ နတ်တော်လတွင် ရာသီပွဲတော် ဆိတ်သုဉ်းနေခဲ့သည်မှာ ၁၃၀၅ ခုနှစ်တိုင်အောင် ဖြစ်သည်.

၁၃၀၆ ခုနှစ်သို့ရောက်သောအခါ နတ်တော်လအတွက် ရာသီပွဲတော် တစ်ခု ထူးခြားစွာ ထွက်ပေါ်လာခဲ့သည်. . ယင်းပွဲတော်ကား မျက်မှောက်ခေတ်တွင် တစ်စ တစ်စ ထွန်းကားလာသည့် စာဆိုတော်ပွဲပင်ဖြစ်သည်. . . စာဆိုတော်ပွဲဆိုသည်မှာ ဘုရင့်ခေတ်က တွင်ကျယ်ခဲ့သော ထီးသုံးနန်းသုံး ဝေါဟာရတစ်ခုဖြစ်သည်. .

စာဆိုတော်ပွဲ မဖြစ်ထွန်းမီ မြန်မာစာပေနှင့် ပတ်သက်၍ အထိမ်းအမှတ် နေ့တစ်နေ့ရှိသည်. . ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် အလွန်ထင်ရှားသည့် စာဆိုတော်ကြီး ဦးပုညကို ချီးကျူးဂုဏ်ပြုသည့် ဦးပုည နေ့ ပင်ဖြစ်သည်. . . စာဆိုတော်နေ့ပွဲသည် ဦးပုညနေ့နှင့် ဆက်စပ် ဖြစ်ပေါ်လာသဖြင့် ဦးပုညနေ့ကို မြစ်ဖျားခံသည်ဟု ဆိုနိုင်ပါသည်. ပထမအကြိမ် စာဆိုတော်ပွဲကို ၁၉၄၄ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်. .
 
(ရေးသားသူ မေ 16)

No comments: