Friday, November 20, 2009

ဘ၀အမှားများထဲမှ တစ်ချို့

တကယ်တော့ နောင်တဆိုတဲ့စကားလုံးက ကောင်းတဲ့စကားတော့မဟုတ်ဘူး ထင်တယ်။ ဘာလို့လဲဆိုတော့ အမှားလုပ်မိတဲ့သူမှာသာ ဒီနောင်တ ဆိုတဲ့စကားက ရှိတာကိုး။ အစကတည်းက မမှားရင် နောင်တဆိုတာဘယ်လာ ရှိပါတော့မလဲ။ ဒါပေမယ့်လည်း လူဆိုတာ အမှားနဲ့ မကင်းနိုင်ကြတော့လည်း နောင်တဆိုတာ လူတိုင်းမှာ ရှိနေကြရတာပါပဲ။ မှားခဲ့တဲ့အမှားကို နောက်တစ်ခါ ထပ်မမှားရအောင် အချိန်မီပြုပြင်နိုင်ရင်တော့ ဒီလူဟာလူတော် တစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့် ကိုယ်မှားနေတာလည်း သိတယ်၊ ဘာမှားမှန်းလည်း သိပေမယ့် မပြင်နိုင်တဲ့သူတွေလည်း အများကြီးရှိပါသေးတယ်။

ကျွန်တော်လည်း လူထဲကလူမို့ မှားဖူးတာတွေကတော့ ပြောမနေနဲ့တော့။ ရခဲ့တဲ့နောင်တတွေဆိုတာ ပုံးတွေ အိတ်တွေနဲ့ထည့်လို့ရမယ်ဆိုရင် ကွန်တိန်နာ တစ်လုံးစာတောင်ကမယ် မထင်ပါဘူး။ လောကမှာ ဒီလောက်များတဲ့ အမှားတွေ လုပ်မိရင် ပြန်ရောပြင်နိုင်ရဲ့လားလို့ မေးရင်တော့ ကျွန်တော့်အဖို့ကတော့ မပြင်နိုင်တာက များပါတယ်လို့ ပြောရမှာပဲလေ။ ဘာလို့လဲဆိုတော့ တစ်ကြိမ် တစ်ခါသာရတတ်တဲ့ အခွင့်အရေးတွေကို ကျွန်တော်က ဖြုန်းတီးခဲ့မိလို့ပါလို့ပဲ ဖြေရမှာပေါ့လေ။ ဒါပေမယ့်လည်း ခုချိန်ထိ ကျွန်တော်မှားနေတုန်းပါဘဲ။ ကြာလာတော့ အဲလိုမှားတာကိုက ကျွန်တော့်အတွက်က အမှန်လိုဖြစ်နေတော့ လူတွေနဲ့ ဝေးဝေးကိုရောက်နေသလို ခံစားလာရတယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော် စိုက်ပျိုးရေးဆိုတာကို စိတ်မ၀င်စားပါဘူး။ ကျွန်တော် စိတ်ဝင်စားတာက
ကွန်ပျူတာနဲ့ပတ်သက်တာတွေပါ။ ဒါပေမယ့် မိဘတွေရဲ့ အလိုဆန္ဒအတိုင်း ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကို တက်ခဲ့ပါတယ်။ အဲတာက ဘ၀ပြောင်းလဲဖို့ အစပျိုးလိုက်တာဘဲ။ အဲဒီမှာ ချစ်သူတစ်ယောက်ရခဲ့တယ်။ ကျောင်းပြီးတော့ ကုန်သည်၊ ပွဲစားလုပ်မလို့ ကြံရွယ်နေတုန်း အချက်(2)ချက်ကြောင့် အခုအလုပ်လုပ်တဲ့ ဌာနမှာ လုပ်ဖြစ်ခဲ့တယ်။ (1)က မိဘတွေက ကုန်သည်၊ ပွဲစားဆိုတာက လူရိုသေရှင်ရိုသေဖြစ်အောင် အစိုးရအလုပ်ပဲ လုပ်ပါဆိုပြီး တိုက်တွန်းတယ်။ (2)က အဲဒီတုန်းက ချစ်သူက တူတူနီးရအောင် ဒီဌာနကို တူတူလျှောက်ရအောင်တဲ့။ ချစ်သူကို ဆုံးရှုံးမှာ ကြောက်လွန်းလို့ အရိပ်လိုနေခဲ့တဲ့တာဟာ တကယ်တော့ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး။ အခုအချိန်မှာ ကျွန်တော်နဲ့ ဘာမှမဆိုင်တော့ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်မှာတော့ ပြန်ပြင်လို့ မရနိုင်တော့တဲ့ အမှားဟာ တစ်ဘဝလုံးအတွက် နောင်တတစ်ခုပါဘဲ။ အမှားတစ်ခုအတွက် ပေးဆပ်လိုက်ရတာက များလွန်းတော့ နောက်ကို ထပ်မှားအောင် ဘဝကပေးလိုက်တဲ့ သင်ခန်းစာရလိုက်တယ် လို့ပဲ ယူဆရတော့ပေါ့။ 
အဲလိုနဲ့ ကျနော်က ပညာရေးနဲ့ပတ်သက်ပြီး စိတ်မ၀င်စားဘူး။ အမ်အက်စီနဲ့ နိုင်ငံခြား ထွက်ချင်တဲ့စိတ်တော့ ရှိတယ်။ ဒါက စိတ်ဘဲရှိတာကို ပြောတာ။ လက်တွေ့ကြိုးစားချင်စိတ်မရှိဘူး။ ကျွန်တော်ဆိုတဲ့ကောင်က ရှေ့နောက်မစဉ်းစားဘူး လုပ်သင့်တာထက် လုပ်ချင်တာကိုပဲ လုပ်တတ်တဲ့သူဆိုတော့ နောင်တတွေ ကွန်တိန်နာ တစ်လုံးလောက် ရှိနေတာ ဘာဆန်းလဲနော်။ 

အချစ်ရေးကတော့ ပိုဆိုးတယ်။ 1 go 2 come 3 wait တဲ့။ ဒါပေမယ့် ကျွန်တော် လိုချင်တဲ့ ချစ်ခြင်းကို ဘယ်သူကမှ မပေးနိုင်ပါဘူး။ ကျွန်တော်ကလဲ အရမ်းသ၀န်တိုတတ်တယ်။ အဲတာ ချစ်သူမှ မဟုတ်ဘူး။ သူငယ်ချင်းဆိုလဲ အဲလိုဘဲ။ သ၀န်တိုတယ်အမည်ခံပေမယ့် ကျွန်တော်ထက် အခြားသူကို ဂရုစိုက်ရင် မကြိုက်ဘူး။ ကျွန်တော့်စိတ်က။ ဟင်းဟင်း။ ကျွန်တော်က လူမှုရေးမှာ အဲလိုအတ္တကြီးတယ်။ အဲတာကြောင့် အချစ်ရေးမှာ ကိုယ်ကိုယ်ကို ကံမကောင်းဘူးလို့ထင်တယ်။ လိုချင်တာကို ဘယ်တော့မှ မရတတ်ဘူး။ ခုလဲ မိန်းကလေးတစ်ယောက်ကို ချစ်မိနေဘီ။ ဒါပေမယ့် သိပါတယ်။ ကျွန်တော်ရဲ့အတ္တနဲ့ သူရဲ့ ----------- ကြောင့် ပြတ်မယ် ထင်ပါတယ်။ ကျွန်တော်ကတော့ လက်ထပ်ဖို့အထိ ရည်စူးထားတာပါ။ ဒီတခါတော့ ကံကောင်းပါရစေလို့ အမြဲဆုတောင်းမိတယ်။

ဒါတွေက ကျွန်တော်ရဲ့ ကွန်တိန်နာတစ်လုံးစာလောက်ရှိတဲ့ အမှားတွေထဲက မှားခဲ့တာ တချို့ကိုပြန်ပြောပြတာပါလေ။ ဘဝနဲ့ လဲလိုက်ရတဲ့ နောင်တလေးတွေပေါ့။ ကျော်လွန်ခဲ့တဲ့နှစ်တွေက ဆယ်စုနှစ် တစ်ခုမကတော့ပါဘူး။ ဒါပေမယ့်လေ ဆယ်တန်းစာမေးပွဲတွေ နီးလာပြီဆိုရင်တော့ ရင်ထဲမှာ နာကျင်ခဲ့ရတဲ့ဝေဒနာက အသစ်ပြန်ဖြစ် လာတယ်ထင်ရအောင် ပြန်နာလာတတ်ပါတယ်။ ဆယ်တန်းဆိုတာဟာ လူ့ဘဝတစ်ခုလုံးကို ပြောင်းလဲ ပစ်လိုက်နိုင်တယ်ဆိုတာ သိနေရက်သားနဲ့ မိုက်ခဲ့တဲ့ ကျွန်တော်ဟာ ခုဆို ခက်ခဲကြမ်းတမ်းတဲ့ဘဝမှာ ရုန်းကန်လှုပ်ရှားနေရပါပြီ။
 
 
(ဒီအကြောင်းအရာတွေက ကျွန်တော်ရဲ့ဘ၀ဇာတ်ကြောင်းထဲက အဖြစ်အပျက်အမှန်တွေပါ။ ဒါလေးကို ရေးချင်နေတာ ကြာပါဘီ)

No comments: