Tuesday, September 8, 2009

အင်္ဂလိပ်စာကျွမ်းကျင်မှုအွန်လိုင်းစာမေးပွဲ မကြာမီစတင်မည်

အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အချင်းစစ်စာမေးပွဲပေါင်းများစွာရှိသည့်အနက် တစ်ကမ္ဘာလုံးနီးပါးလက်ခံလျှက်ရှိသော စာမေးပွဲ (၂) မျိုးဖြစ်သည့် IELTS နှင့် TOEFL ကိုသာ ပြည်တွင်း၌ဖြေဆိုနိုင်ပြီး အဆိုပါစာမေးပွဲ (၂) ခုစလုံးမှာ Paper based အနေဖြင့်သာ သက်ဆိုင်ရာသံရုံးအသီးသီးမှ နှစ်စဉ်စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။ မကြာမီကာလတွင် Pearson VUE မှ Prometric ၏ TOEFL iBT နှင့်အပြိုင် အွန်လိုင်းမှတဆင့် တိုက်ရိုက်ဖြေဆိုရမည့် စာမေးပွဲသစ်တစ်မျိုးကို ၂၀၀၉ အောက်တိုဘာလတွင် စတင်မည်ဖြစ်ကြောင်းသိရှိရသည်။

“Pearson Test of English Academic (PTE Academic)“ လို့ခေါ်ဆိုပြီး နိုင်ငံတာအသိအမှတ်ပြုအင်္ဂလိပ်စာနှင့် စကားကျွမ်းကျင်မှုအရည်အချင်းစစ်စာမေးပွဲဖြစ်ပါတယ်။ PTE Academic ကို Graduate Management Admission Council (GMAC) မှ အဓိကပံ့ပိုးပေးပြီး ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တက္ကသိုလ်နှင့်ကောလိပ်ကျောင်းပေါင်း (၅၀၀၀) ကျော်မှ PTE Academic Scores ကို အသိအမှတ်ပြုလက်ခံပေးသွားမှာဖြစ်ပါတယ်။ အောက်တိုဘာမတိုင်ခင်အထိ ဥရောပ၊ အာရှနဲ့အမေရိကရှိကျောင်းတွေ ထပ်မံတိုးပွားလာဖွယ်ရှိပါတယ်” ဟု အွန်လိုင်းစာဖြေဌာနတစ်ခုဖြစ်သော Myanmar Inspirations မှ တာဝန်ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။

PTE စာမေးပွဲအား အင်္ဂလိပ်စကားမပြောသောနိုင်ငံများမှ ကျောင်းသားများ၊ နိုင်ငံတကာတက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာဖြင့်သင်ကြားသည့်အတန်းများသို့ ၀င်ခွင့်လျှောက်ထားရာတွင် အကဲဖြတ်ပေးမည့် အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှုအရည်အချင်း (၄) ရပ်ဖြစ်သော Listening, Reading, Speaking and Writing ကို အဓိကထားစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ NUE ၏ အွန်လိုင်းစာမေးပွဲစစ်ဆေးမှုအတွေ့ အကြုံများနှင့်ပေါင်းစပ်ကာ Computer based အဖြစ်စစ်ဆေးမည်ဖြစ်သလို မသမာမှုများနှင့်စာမေးပွဲလုံခြုံရေးအတွက် Biometric System အား အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

Myanmar Inspirations အွန်လိုင်းစာမေးပွဲစင်တာအနေဖြင့် GMAC မှစစ်ဆေးသော GMAT စာမေးပွဲအား နိုင်ငံတကာနှင့်တန်းတူ ပြည်တွင်း၌ ၂၀၀၈ ခုနှစ်မှ စတင်စစ်ဆေးပေးနိုင်ခဲ့သလို အင်္ဂလိပ်စာနှင့် စကားစာမေး ပွဲအသစ်ဖြစ်သည့် PTE Academic စာမေးပွဲများအား ၂၀၀၉ ခုနှစ်အောက်တိုဘာတွင်စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အဆိုပါစာမေးပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.pearsonpte.com တွင် သွားရောက်လေ့လာကြည့်ရှုနိုင်ကြောင်း ထပ်မံသိရှိရသည်။

No comments: