Wednesday, September 23, 2009

မိမိကိုယ်ကို ဆုံးမခြင်း

ကိုယ့်ကိုယ်ကိုပဲပြင်ဆင်လို့ရတဲ့လောကကြီးထဲမှာ ကိုယ့်စိတ်ကိုယ်ပြင်ဆင်ဖို့ဆိုတာကလဲ အခက်ဆုံးတစ်ခုပ။ ဒါပေမယ့် အဲဒါကိုက အောင်နိုင်မှုတစ်မျိုးပဲလေ။ ရှုံးနိမ့်မှုတွေကို ဆင့်ကဲလက်ခံရရှိလိုက်တယ်ဆိုတာကိုက ယှဉ်ပြိုင်ခွင့်ရှိနေသေးတယ်လို့ပဲ ကျေနပ်လိုက်ပါ။ တရားခြင်း မတရားခြင်းတွေကိုတော့ လောကပါလ တရားက သူ့ဘာသာသူဆုံးဖြတ်ပါလိမ့် မယ်။ မမြင်ရတဲ့ ဝဋ်ကြွေးတွေအတွက် ကျနော်တို့မှာ တာဝန်မရှိပါဘူး။ ကမ္ဘာမြေကြီးရဲ့ လှုပ်နိုးခံရမှုနဲ့အတူ လမ်းကြောင်းပြောင်းသွားတဲ့အခါ အရာရာဟာ ပကတိအတိုင်း ဖြစ်ခွင့်ရသွားကြပါလိမ့်မယ်။
 တစ်ဘဝလုံးရေးခြစ်လာတဲ့စာမျက်နှာတွေအတွက် အားလုံးကို အမှန်ချည်းပဲလိုချင်လို့တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ အနီရောင်ကြက်ခြေခတ်တွေလည်း ခပ်ကျဲကျဲတော့ ပါနေလိမ့်မယ် ။အဲဒီအတွက် နောင်တရစရာမလိုဘူး။သင်ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။ ဘယ်အရာမှပုံသေကားကျ တွက်ဆလို့ မရတဲ့ ကမ္ဘာမှာ မငြိမ်းဘူးထင်တဲ့ မီးတွေလည်း ငြိမ်းသွားကြလိမ့်ဦးမယ်။ ထိုက်တန်တဲ့သူတွေအတွက် ကျနော်ရဲ့ အဖြူရောင်မေတ္တာတွေကို သိမ်းဆည်းထားပါတယ်။
ခရမ်းရောင်တွေတဖျတ်ဖျတ်လွင့်ဝဲနေတယ်။ အလွမ်းဟာ အနည်းဆုံးတစ်ရာသီတော့ ခံလိမ့်မယ်..။ သူ့ရာသီကုန်ရင်တော့ သူလည်း သူ့အလံကိုသိမ်းရုတ် တပ်ဆုတ်သွားရပါလိမ့်မယ်။ ဒါဟာလည်း လောကရဲ့ဓမ္မတာပါပဲ။ ကံတရားရဲ့ စာမျက်နှာတွေကို ကျော်လွန်လို့ မနက်ဖြန်တွေကို ပြင်ဆင်ခွင့်မရှိသလို ကိုယ့်ကိုယ်ကို မှုတ်သိမ်းငြိမ်းသတ်ခွင့်လည်း မရှိပါဘူး။ နီစွေးစွာရဲရင့် တည်ငြိမ်စွာပြာလွင် လို့ ခရမ်းရောင်တွေကို ဖြိုခွဲပစ်ခဲ့လိုက်ရင်း နံနက်ခင်းအသစ်တွေနဲ့အတူ ကိုယ့်ကိုယ်ကို ထူမတ်ပစ်လိုက်စမ်းပါ။ မနက်ဖြန်ဟာ ရနံ့သစ် တွေနဲ့မွှေးမြကြည်လင်နေခဲ့ပါလိမ့်မယ်။ ။

(ဖတ်မိတဲ့စကားစုများကို လျှောက်တွေးပြီး၊ လျှောက်ရေးထားပါသည်။ မိမိကိုယ်ကို ဆုံးမစကား ဖြစ်ပါသည်။ )


No comments: