Thursday, September 17, 2009

အိတ်ဆောင်တိပိဋက ဒစ်ဂျစ်တယ်ကရိယာ စတင်ရောင်းချ

ဗုဒ္ဓစာပေဟု တင်စားခေါ်ဝေါ်ကြသော ဓမ္မကို လေ့လာသင်ယူနေသူများနှင့် သာသနာပြုဆရာတော်များအတွက် အထောက်အကူဖြစ်စေမည့် ရည်ရွယ်ချက်ဖြင့် Alpha Computer မန္တလေးမှ အိတ်ဆောင်တိပိဋက Digital ကရိယာတစ်ခုကို ထုတ်လုပ်ရောင်းချပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။ ပိဋကသုံးပုံ ဆဋ္ဌမူမူလ၊ အဋ္ဌကထာ၊ ဋီကာ၊အညကျမ်းအားလုံး၏ မူရင်းစာမျက်နှာအတိုင်း အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်မည်ဖြစ်ပြီး အဆိုပါ အိတ်ဆောင်တိပိဋကတွင် ပါဠိမြန်မာ အဘိဓာန်၁၉တွဲ ၂၁အုပ်၊ ပါဠိပဒကျမ်းညွန်း၃၊ ဦးဟုတ်စိန်အဘိဓာန်၊ ဓာတ်အဘိဓာန်၊ လွယ်ကူစွာ ရှာဖွေနိုင်ခြင်း၊ ပါဠိတော်ရှိ စာလုံးအားလုံးများ (၁သန်းခန့်)ကို မူရင်းပုဒ် ၂၅၀၀၀၀ခန့် ဖြင့် အဓိပ္ပါယ်ဖော်ခြင်းတို့ကို ဇော်ဂျီဖောင့်အသုံးပြု၍ ရှာဖွေနိုင်မည်ဖြစ်ကြောင်း သိရသည်။
အိတ်ဆောင်တိပိဋကတွင် ဆဋ္ဌသံဃာယနာတင် ပုံနှိပ်မူပါဠိစာအုပ် ၁၅၉အုပ်အား မူရင်းစာမျက်နှာအလိုက် မြန်မာပါဠိ၊ roman paliတို့ဖြင့် လိုအပ်ရာ စာမျက်နှာကို ဖတ်ရှုလေ့လာ နိုင်မည်ဖြစ်သည်။ ၀ိနယ၊ သုတ္တန္တ၊ အဘိဓမ္မဟူသော ပိဋကအားဖြင့် (၃)ပုံ၊ ဒီဃ၊ မဇ္ဈိမ၊ သံယုတ္တ၊ အင်္ဂုတ္တရ၊ ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် (၅)ရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် (၈၄၀၀၀)၊ များမြောင်လှသည့် ပိဋကတ်ပါဠိတော်နှင့် ယင်း၏ ၃-ဆမျှရှိသော အဖွင့်အဋ္ဌကထာ၊ ဋီကာ၊ အနု၊ မဓုယောဇနာစသည့် ကျမ်းဂန်အရပ်ရပ်ရှိ ပုဒ်ပါဌ်များကို မြန်မာအက္ခရာ၊ ရိုမင်အက္ခရာ(Roman Letter)များဖြင့် အလွယ်တကူ ရှာဖွေနိုင်သည်။ ထို့ပြင် ပါဠိဝေါဟာရပုဒ်များ အားလုံးပါဝင်ပြီး မြန်မာ ရဟန်းတော်များ ရေးသားပြုစုထားသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကြီး၊ ဦးဟုတ်စိန်၏ ပါဠိ-မြန်မာ အဘိဓာန်စသည့် အဘိဓာန်များ ပါဝင်သည့် စက်ဖြစ်ကြောင်း သိရသည်။
အိတ်ဆောင်တိပိဋက ၏ ရိုးရှင်းလွယ်ကူသည့် နည်းစနစ်မှာ ရှာဖွေလိုသော စာလုံးအား မြန်မာ၊ roman စာလုံးဖြင့် အဘိဓာန်များတွင် ရှာဖွေနိုင်မည်ဖြစ်ပြီး တွေ့ရှိချက်များကို တိပိဋက ပါဠိမြန်မာအဘိဓာန်၊ ဦးဟုတ်စိန် အဘိဓာန်နှင့် ဓာတ် Englishတို့ကို ဖော်ပြပေးထားကာ တိပိဋက အဘိဓာန်အတွင်းရှိ စာအုပ်နှင့် စာမျက်နှာကို ဖော်ပြပေးသွားမည် ဖြစ်သည်။ ရှာဖွေသည့် စာလုံးဖြင့် စတင်သည့် သုတ်ခေါင်းစဉ်များကို ရှာဖွေပြီး တွေ့ရှိသည့် ဂါထာ၊ သုတ္တံတို၏ တည်နေရာ စာအုပ်အားလည်းကောင်း၊ စာမျက်နှာအား လည်းကောင်း တိကျစွာညွန်းပြပြီး ဆဋ္ဌမူ စာမျက်နှာအတိုင်း တွေ့ရှိသည့် မူလ၊ အဋ္ဌကထာ၊ ဋီကာ တို့တွင် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ဖတ်ရှုနေစဉ်တွင် တွေ့ရှိသော ဝေါဟာရအားလုံးအား ရွေးချယ်၍ အဘိဓာန်တွင် ဆက်လက်ရှာဖွေနိုင်မည်ဖြစ်ပြီး စာလုံးတွဲများအား အလိုအလျောက် ခွဲခြား ပြသခြင်း ဖြတ်တောက်ပြသခြင်းများကိုလည်း ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
အိတ်ဆောင်တိပိဋက ၏ အခြားလုပ်ဆောင်နိုင်မှုများမှာ Mp3 နှင့် အခြား အသံဖိုင်များကို ဖွင့်နိုင်ခြင်း အသံသွင်းနိုင်ခြင်း ( တရာတော်များ နာယူနိုင်ပါမည်)ကို ပြုလုပ်နိုင်မည် ဖြစ်ပြီး MP4, aviနှင့် အခြားရှုပ်ရှင်ဖိုင်များအားထည့်သွင်းကြည့်ရှုနိုင်ခြင်း (တရား vcd များformat ပြောင်း နာယူနိုင်ပါမည်။ ) Microsoft Office 2003, 2007၏ word ,excel powerpoint များကို ဖတ်ရှုခြင်း၊ တည်ဆောက်ခြင်း ၊ PDFဖိုင်များကို ဖတ်ရှု နိုင်ခြင်း၊ လိပ်စာများမှတ်သားခြင်း၊ ရှာဖွေနိုင်ခြင်း၊ ပြက္ခဒိန်တွင် မှတ်တမ်းတင် သတိပေးစေခြင်း၊ Wi-Fi ရရှိသည်နေရာတွင် internet အသုံးပြုနိုင်ခြင်း၊ pocket PC အနေဖြင့် ဇော်ဂျီဖောင့်နှင့် ဇော်ဂျီကီးဘုတ်ကို အသုံးပြုကာ အချက်အလက်များကို ကူးယူနိုင်ခြင်း၊ အခြားဂဏန်းတွက်စက် ၊ ဂိမ်းစသည်တို့နှင့် လိုအပ်သည်များကို ထပ်မံထည့်သွင်း အသုံးပြုနိုင်ခြင်းတို့ ဖြစ်သည်။ သုံးစွဲနိုင်မည့် အချက်များအားလုံးကို အဆင်ပြေစွာသုံးစွဲနိုင်ရန် windows mobile 6.1 OSကို သုံးစွဲထားပြီး USB 2.0 ကိုအသုံးပြု၍ PC(windows/Mac..)တို့ နှင် ချိတ်ဆက်သုံးစွဲနိုင်သည်ဟုလည်း သိရှိရသည်။
အသုံးပြုသူတို့အား မေတ္တာလက်ဆောင်အားဖြင့် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး၏ အခြေပြုပဋ္ဌာန်းတရားတော် အသံဖိုင် ၁၉နာရီနှင့် pdfစာအုပ် ဖတ်ရှုရန် ထည့်သွင်းပေးထားပြီး မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ Online Dictianory ဖြစ်သော Ornagai Dictianoryကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။ လက်ရှိတွင် အိတ်ဆောင်တိပိဋက၏ ဈေးနှုန်းမှာ နှစ်သိန်းတစ်သောင်းကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မန္တလေးအိုင်စီတီပြပွဲတွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Ref: http://pocketpitaka.mandalayalpha.com/

No comments: