Thursday, September 24, 2009

မိန်းကလေးများကို လူကုန်ကူးခြင်း

ပည်တွင်းရှိ အမျိုးသမီးများကို သမီးရည်းစားအဖြစ် ရအောင် ကြံစည်၍ ထိုမှ တဆင့် ဇနီးမယားအဖြစ် လက်ထပ်ကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင် ရောင်းစားသည့် လူကုန်ကူးခြင်း နည်းလမ်းသစ် တစ်ရပ် ပေါ်ပေါက်နေသည်ဟု အပတ်စဉ်ထုတ် ပြည်တွင်းစာစောင် တစ်ခုဖြစ်သည့် The Voice Weekly တွင် ဖော်ပြပါရှိသည်။

မဲခေါင်မြစ်ဝှမ်း ဒေသတွင်း လူကုန်ကူးခြင်း တားမြစ်လျှော့ချရေးအတွက် ဆောင်ရွက်လျက် ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ United Nations Inter-Agency Project (UNIAP) ရုံးမှ အမျိုးသားစီမံချက် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချောက ထိုသို့ ပြောကြားခြင်း ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ကိုးကားထားသည်။

မဲခေါင်မြစ်ဝှမ်း လူကုန်ကူးခြင်းကို တိုက်ဖျက်သည့် ကုလသမဂ္ဂ စီမံချက် အရာရှိက “အထူးသဖြင့် တရုတ်ဘက်ကို ပိုများတယ်။ အခုဆို လင်မယား အယောင်ဆောင်ပြီး ပို့ကြတယ်။ နယ်စပ်မှာ ရှိတဲ့ လူကုန်ကူးသူတွေက ၀တ်ကောင်းစားလှတွေ ၀တ်ပြီး ဒီမြန်မာနိုင်ငံ အတွင်းပိုင်း ဥပမာ- ရန်ကုန်၊ မန္တလေးက အလုပ်အကိုင် ရှာဖွေနေတဲ့ မိန်းကလေးတွေ၊ တက္ကသိုလ်ကျောင်းတက်နေတဲ့ မိန်းကလေးတွေကို သမီးရည်းစား ဖြစ်အောင်လုပ်၊ ဟန်ဆောင် လက်ထပ်ပြီး တရုတ်နိုင်ငံဘက်ကို ခေါ်သွားတယ်။ နယ်စပ်မှာ ဟန်နီးမွန်းထွက်မယ်ဆိုပြီး အဲဒီ မိန်းကလေးတွေကို လက်ထပ် ပေါင်းသင်းပြီး တရုတ်နယ်စပ်မှာ ရှိတဲ့ အမျိုးအိမ်လိုလို အသိအိမ်လိုလိုတွေမှာ ထားသွားကြတယ်။ အဲဒီ တရုတ်ပြည်ဘက် နယ်စပ်မြို့တွေက မြန်မာနဲ့ ဟိုဘက်ဒီဘက် ဆိုတော့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ မြန်မာစာလုံးတွေနဲ့ ရေးထားတော့ အဲဒီ မိန်းကလေးတွေက သူတို့အနေနဲ့ မြန်မာနိုင်ငံထဲမှာပဲ ရှိသေးတယ်လို့ ထင်ကြတယ်။ အဲဒီကမှ တရုတ်ပြည်မှာ အခြေချနေတဲ့ မြန်မာတွေက တဆင့် တဖြည်းဖြည်းနဲ့ လက်ဆင့်ကမ်း ရောင်းချခြင်း ခံကြရတယ်။ ဟိုအတွင်းဘက် ရောက်သွားရင်တော့ ပြန်လာနိုင်ဖို့ မလွယ်တော့ဘူး” ဟု ပြောကြားကြောင်း ထိုသတင်းတွင် ဖော်ပြထားသည်။

ဆက်လက်၍ ၎င်းက ထိုသို့ လူကုန်ကူးခြင်း ခံရသူ အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၂၅ နှစ် အတွင်း အများဆုံးဖြစ်၍ တခါတရံတွင် အသက် ၁၄ နှစ်၊ ၁၅ နှစ်နှင့် ၁၆ အရွယ်များပင် ပါဝင်ပြီး အချို့မှာ အသက် ၄၀ ကျော်အထိ ပါဝင်ကြောင်း၊ လူကုန်ကူးခံရသူ အများစုသည် ရှမ်းပြည်နယ် (မြောက်) ၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ အမျိုးသမီးများ ပါဝင်ကြောင်း၊ လူကုန်ကူးသူများသည် လူစည်ကားရာ ပန်းခြံများ၊ ဘုရားများ၊ ဘူတာရုံ၊ ကျူရှင်၊ ကျောင်းများအထိ ပျံ့နှံ့ဝင်ရောက်ကာ စည်းရုံးလျက် ရှိကြောင်း၊ အထူးသဖြင့် မိသားစု ပြဿနာရှိပြီး ၀င်ငွေ နည်းပါးသည့်သူများအား ပြောဆို စည်းရုံးလေ့ ရှိကြောင်း ပြောကြားသည်ဟူ၍ အဆိုပါသတင်းတွင် အသိပေး ဖော်ပြထားသည်။

No comments: